ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကို၁၉၉၀ဝန်းကျင်မှာ တည်ထားပါတယ်။ အဓိကဇာတ်ကောင်က ရဲစခန်းက အင်စပက်တာမော်စီ။ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့အခရာကသူပဲ။ ဝတ္တုအရမော်စီရဲ့ စိတ်အခြေအနေကို ရုပ်ရှင်မှာ တင်ပြဖို့က တော်တော်ခက်ခဲတယ်။ ဒါကို ဝေရှုကျန်က သူ့စိတ်အခြေအနေကို တင်ပြဖို့ သုံးခြမ်းခွဲလိုက်တယ်။ သူ့မိန်းမနဲ့ သူ့ကြားကအခြေအနေ, စခန်းကအခြေအနေ, နောက်တစ်ချက်ကသူ့ရဲ့ထင်ယောင်ထင်မှားတွေ။ နောက် သူ့အခြေအနေကို ပိုတင်ပြနိုင်ဖို့ပဲ ဝတ္တုမှာ ကိုယ်ဝန်မရှိခဲ့တဲ့ သူ့မိန်းမကို ကိုယ်ဝန်လွယ်ခိုင်းပြီး အဲဒါကိုလည်းပြဿနာတစ်ခုအဖြစ်ထည့်သွင်းခဲ့တယ်။ ပြောရရင် ရုပ်ရှင်မှာ အပိုထပ်ဖြည့်ထားတာတွေက
မော်စီရဲ့ စိတ်အခြေအနေကို ထင်ဟပ်နိုင်အောင် ဖြည့်ထားတာပဲ။ နောက် သူတို့မြို့ကလေးမှာ လူသတ်မှုတစ်ခုဖြစ်လာတယ်။ အဲဒီအမှုကို မော်စီက ဦးဆောင်ပြီးစုံစမ်းရတယ်။ ဒါကိုရိုက်ပြတဲ့ပုံက ခက်ခက်ခဲခဲမပါဘဲ လက်တွေ့ကျကျပဲရိုက်ပြသွားတယ်။ သဲလွန်စတစ်ခုနောက်လိုက်လိုက် အဲဒီသဲလွန်စကပျောက်လိုက် နောက်သဲလွန်စတစ်ခုနောက်လိုက်နဲ့ ခနော်နီခနော်နဲ့သွားနေရတဲ့ စုံစမ်းရေးပေါ့။ အစပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဒီအမှုကိုလိုက်ရင်း ဒီအမှုက သူ့စိတ်အခြေအနေကိုပါ ဘယ်လိုရိုက်ခတ်သွားလဲ ဆက်ပြသွားတယ်။ တစ်ခုရှိတာ မော်စီနေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Yilong Zhu က အခက်အခဲဆုံး အပိုင်းက သူ့ကာရိုက်တာက ဘယ်လိုပုံစံမျိုးဖြစ်နေရမလဲ အဖြေရှာရတဲ့အပိုင်းပဲတဲ့။ သူဘယ်လိုမှ အဖြေရှာမရခဲ့ဘူး။ နောက်ဆုံး ယုဟွာရဲ့ ဓာတ်ပုံတစ်ပုံကို သူမြင်မှပဲ အဖြေရသွားခဲ့တယ်။ ယုဟွာက အဲဒီဓာတ်ပုံထဲမှာ ဆံပင်ရှည်ကြီးနဲ့ မုတ်ဆိတ်ငုတ်တိုတွေနဲ့ နှင်းတွေကြားရပ်နေတယ်။ အဲဒီပုံစံကို ကြည့်ပြီး သူ့ကာရိုက်တာကို သူဖန်တီးခဲ့တယ်။ ဒီကာရိုက်တာနဲ့လိုက်အောင် ဝိတ်တက်အောင်လုပ်ပြီးဇာတ်ကားရိုက်ခဲ့တဲ့ ၄၅ရက်အတွင်း ကာရိုက်တာရဲ့ စိတ်ကျသွားတဲ့ပုံစံအတိုင်း၅၅ပေါင်ပြန်ကျအောင် ထပ်လုပ်ခဲ့တဲ့အထိ Yilong Zhuဟာမော်စီကာရိုက်တာကို သေချာစိတ်နှစ်ထားခဲ့ပါတယ်။ Only the River Flowsဟာ အနုပညာအရအောင်မြင်ခဲ့သလိုရုံဝင်ငွေအရလည်းအောင်မြင်ခဲ့ပါတယ်။ပြည်မရဲ့ highest-grossing independent films စာရင်းမှာ ဝင်ခဲ့ပါတယ်။